
ဒီကားမှာ Forrest Gump ရဲ့ဘဝဖြစ်စဉ်တွေကို ၂၀ရာစုနှောင်းပိုင်း အမေရိကန်ရဲ့ကျော်ကြားတဲ့အဖြစ်အပျက်တွေနဲ့ချိတ်ဆက်ပေးထားတာမို့ အမေရိကန် အထင်ကရ ပုဂ္ဂိုလ်ကြီးတွေနဲ့ Forrest တို့တွေ့ဆုံတဲ့အခန်းတွေပါဝင်ပါတယ်။ အဲဒီအခန်းတွေက တကယ့်သတင်းရုပ်ရှင်တွေမှာ Tom Hanks ရဲ့ရုပ်ပုံတွေကို နည်းပညာသုံးပြီးထည့်သွင်းထားခဲ့တာပါ။ John Lennon, John F.Kennedy, Richard Nixon တို့နဲ့ Forrest တို့စကားစမြည်ပြောတာတွေ၊ လက်ဆွဲနှုတ်ဆက်တာတွေကို အံ့အားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။ နောက် Lieutenant Dan ရဲ့ ခြေပြတ်ကြီးကလည်း ပီပြင်လွန်းလှတယ်။ Forrest Gump ဇာတ်ကားကိုကြိုက်ရခြင်းအကြောင်းတွေမှာ ရုပ်ရှင်တစ်ကားရဲ့ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတဲ့အကြောင်းအပြင် Forrest Gump ဆိုတဲ့ Character ကိုလည်းစိတ်ဝင်စားမိလို့ပါ။ Tom Hanks ကအင်တာဗျူးတစ်ခုမှာပြောခဲ့သလို Forrest ရဲ့ခေါင်းထဲမှာ သူ့အမေနဲ့ Jenny တို့ပဲရှိတယ်။ အမုန်းတရားတွေ၊ သူ့အပေါ်မကောင်းကြံတာတွေ၊ မလိုမုန်းထားတာတွေကို သူ့မှာခွဲခြားသိနိုင်တဲ့ ဉာဏ်ရည်မရှိဘူး။ ဒါ့ကြောင့် သူ့ဘဝဟာပကတိအေးချမ်းလှတယ်လို့ ထင်မိပါတယ်။ သူသိတာ သူ့အမေကိုဂရုစိုက်မယ်၊ သူငယ်ချင်းတွေအပေါ်ကောင်းမယ်၊ Jenny ကိုချစ်မယ်။ ဒါပဲ။ အရမ်းကိုရိုးရှင်းဖြူစင်တဲ့ ဘဝတစ်ခုကို မီးမောင်းထိုးပြထားတာပါ..